ဟုတ်ကဲ့ လက်ကျန် အပိုင်းလေးကို ဖြတ်ကြရအောင်။
NFS(I) လိုင်စင်ရှိတဲ့ သူတွေဆီကနေ လိုင်စင်ဌားပြီး Fiber network တည်ဆောက်မယ်၊ ပြီးရင် အင်တာဝန်ဆောင်မှု ပေးမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုး၊ အပြစ် ကို ဆွေးနွေးသွားမှာပါ။ လိုင်စင်ဌားလိုက်ပြီး မိမိရဲ့ ပိုက်ဆံ နဲ့ အကုန်ကျခံ တည်ဆောက်လိုက်တဲ့ Fiber network ကို တရားဝင် ပိုင်ဆိုင်သလားပေါ့။
ယနေ့မှာ ခေတ်အစားဆုံး စကားလုံး ကိုပြောပြပါဆိုရင် အကို လိုင်စင် ဘယ်မှာ ဌားသလဲ။ လိုင်စင်ဌားခ ရာခိုင်နူန်းဘယ်လောက်ပေးရမလဲ ပေါ့။ NFS (I) လိုင်စင်ကိုင်ပြီး ကိုယ်တိုင် လုပ်ဖို့ မရှိသေးရင်တော့ လိုင်စင်ကိုင်ထားတဲ့သူတွေခင်ဗျာ၊ သတင်းစာတို့၊ Facebook တို့၊ Telegram တို့ကနေ “မိတ်ဆွေ လိုင်စင် အဌားလိုက်သည်” ဆိုတဲ့ ဆိုင်းပုဒ်လေး ချိပ်ထားပေးကြပါ။ ဖြေရတာ မောနေမှာ စိုးလို့ပါ။
အခု လက်ရှိ လိုင်စင်ဌား ပြီး အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ပုံစံ အမျိုးအစားကို လေ့လာကြည့်မယ်ဆိုရင်
၁. တချို့ AS လိုင်စင်သမားတွေ က NFS(I) လိုင်စင်သမားဆီကနေ ကိုယ်ပိုင် Fiber network တည်ဆောက်ဖို့ လိုင်စင်ဌားကြတယ်၊ ပြီးရင်တော့ ကိုယ့်နာမည်နဲ့ ဝန်ဆောင်မှုပေးတဲ့ ပုံစံ။
၂.တချို့ ကြတော့ ဘာလိုင်စင်မှ မရှိဘူး ဒါပေမယ့် NSF (I) လိုင်စင်သမားဆီကနေ ကိုယ်ပိုင် Fiber Network တည်ဆောက်ပြီး ဝန်ဆောင်မှုပေး နိုင်ရန် လိုင်စင်ဌားကြတယ်။
၃.တချို့ကြတော့ ကပ်တိုးလေး၊ လျိုသိပ်လေး Fiber network လေးတည်ဆောက်ပြီး အင်တာနက်ဝန်ဆောင်မှုပေးကြတယ် ဘယ်လိုင်စင်သမား ဆီကနေ မဌားကြဘူး။
၄. ကျွန်တော်တို့များ လိုက်မမှီ နိုင်တဲ့ နည်းလမ်းတွေနဲ့ အင်တာနက် ဝန်ဆောင်မှုတွေလည်း ပေးနေကြတယ် ဗျ။
တစ်တောင် ထက် တစ်တောင်မြင့်တယ် ဆိုတဲ့ စကားအတိုင်းဘဲ။ ဖြတ်ထိုးဉာဏ်တအားကောင်းတဲ့ လူမျိုးတွေဆိုတော့ နည်းလမ်းပေါင်းစုံနဲ့ပေါ့ ကောင်းပါတယ်ဗျာ။ ဒီမှာတော့ Port sharing model ကို ဆွေးနွေးသွားမည် မဟုတ်ပါ။ Port sharing ဆိုတဲ့အတွက် Fiber Network တည်ဆောက်ရန် မလိုဘူးလေ။
အထက်ဖော်ပြပါ ဘယ်နည်းလမ်းဘဲ သုံးသုံး၊ သင့်မှာ Fiber network ကို ပိုင်ဆိုင်ဖို့အတွက် ဆက်သွယ်ရေး ဥပဒေအရ ပိုင်ဆိုင်ခွင့် မပေးထာပါဘူး။ ခင်ဗျားက အရမ်းလောပြီး ခင်ဗျားကိုယ်တိုင် Fiber Network ကို ခင်ဗျား ပိုက်ဆံနဲ့ တည်ဆောက်ထားမိပြီ ဆိုရင် မိတ်ဆွေ ဥပဒေအရ ပိုင်ဆိုင်ခွင့် မပေးထားသော ပစ္စည်းကို လက်ဝယ် ပိုင်ဆိုင်နေပြီနော်။ ဒါဖြင့် မေးစရာ ရှိတာက ၎င်း Fiber network ကို တရားဝင် အရ ဘယ်သူ ပိုင်သလဲလို့ မေးလာရင်တော့ NFS(I) လိုင်စင်သမားကဘဲ ပိုင်ဆိုင်တာပါ။ ၎င်း နာမည်နဲ့ဘဲ အခွန်ဆောင်တယ်၊ ၎င်းနာမည်နဲ့ဘဲ ဆက်သွယ်ရေးဌာန ကို Network ပိုင်ဆိုင်မှုတွေ အကြောင်းကြားထားတယ်၊ ၎င်းနာမည်နဲ့ဘဲ အင်တာနက်ဝန်ဆောင်မှုပေးနေကြောင်းကို အကြောင်းကြားထားတယ်။ အဆုံးအထိ ပြောရမယ်ဆိုရင် ပြည်နယ်၊ တိုင်းတွေမှာတွေတောင် ၎င်းနာမည်နဲ့ဘဲ တင်ပြထားတာ။
ကဲဗျာ ခင်ဗျားပိုင်ဆိုင်မှု ကို ဘယ်လို သက်သေပြမလဲ။ ဘယ်ရုံး၊ ဘယ်ဌာန သွားသွား ခင်ဗျား ပိုင်ဆိုင်မှုကို သက်သေပြစရာ ဘာမှမရှိ။ ခင်ဗျားနဲ့ NFS(I) ကြားထဲက စာချုပ်ကိုပြမယ်ဆိုလဲ ခိုင်မာအောင် ဆက်သွယ်ရေး ဥပဒေကို နားလည်တတ်ကျွမ်းတဲ့ ရှေ့နေ ရှေ့ရပ် တရားရုံးတို့ကို ဦးတိုက်ပြီး စာချုပ် ချုပ်ထားတာလား။ ကျွန်တော်ထင်တယ် အများစုက အဲဒီလို လုပ်လိမ့်မယ်မထင်ပါဘူး။
ခင်ဗျားကလည်း စီးပွားရေး အမြင်ကတော်တော်စူးရှပြီး လုပ်ချင်နေတာလဲ တားမရဆီးမရ ဖြစ်နေတယ်၊ NSF(I) သမားကလည်း ငုတ်တုပ်ထိုင်မယ့် အတူတူဆိုတော့ စီးပွားဖြစ်ဖို့ဘဲတွေးတာပေါ့။ ဒါအပြင် ကြားထဲက ပစ္စည်းရောင်းချင်တဲ့သူ၊ Fiber Network တည်ဆောက်ဖို့ Project ရဖို့ဘဲ စဉ်းစားနေတဲ့သူတွေနဲ့ဘဲ တွေ့ရင်တော့ ပွဲဖြစ်သွားတာပေါ့။
နောက်ပိုင်း ကြုံရမယ့် ပြသနာတွေကတော့
၁. ခင်ဗျားတို့ကို NFS(I) လိုင်စင်သမားတွေက Internet Uplink အများခေါ်တဲ့ DIA လိုင်းကို 1Mbps ကို $5 ကနေ $7 အထိ ရောင်းချကြတယ်။ ၎င်း DIA ခ ကို ဈေးတက်တယ်ဆိုရင်လဲ ငြင်း၍မရ ပေးဆောင်ရမည်။
၂. လိုင်စင်ဌားကကို ဝင်ငွေရဲ ရာခိုင်နူန်းပေါ်မူတည်ပြီး ကောက်ကြတယ်။ ရာခိုင်နူန်း ပိုမိုတောင်းရင်လဲ ငြင်းမရပါ.
၃. တချို့ဆိုရင်တော့ ROW ဌားခတွေပါတောင်းကြတယ်။ ထပ်တောင်းရင်လဲ ပေးရမယ်။
ကိုယ်က ရင်းနှီးမြှပ်နှံထားတာဆိုတော့ လိုက်လျောပြီး ပေးရတာပေါ့။ သူတို့အတွက်ကတော့ ခြံထဲက ကြက် ဘယ်အချိန် ချက်စား စား ရတယ်ပေါ့။
ခင်ဗျားတို့ကော ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးတွေ ရှိရင်လည်း Share သွားကြပါအုံး။ ကျွန်တော် မြင်နေ ကြားနေရတာလေးတွေ ကို ဆွေနွေးပေးတာပါ။ အားလုံးကို အဆင်မပြေဘူးလို့ မဆိုလိုပါ၊ အဆင်ပြေနေတဲ့ သူတွေလဲ အများကြီးရှိပါတယ်။
သတိထားရ အချက်အလက်လေးတွေ ကိုလည်း နောက် Post တစ်ခုမှာ ထပ်တင်ပေးသွားမှဦးပါ။
-------------
Ko Htun FTTH
Comments
Post a Comment